Friday, July 11, 2008

“သြော်…..လူတွေ”

“ခုနှစ်ရာပဲ ပေးပါ”
“ငါးရာပဲ ထားလိုက်ပါ”
မိုးအေးအေးလေးမို့ ကော်ဖီပူပူသောက်ရင်း စာအုပ်ဖတ်နေတုန်းမှာ အိမ်ရှေ့က အမေနဲ့ထီးပြင်သမားရဲ့ စကားသံတွေကို ကြားနေရတယ်……
သြော်…..ဟုတ်သားပဲ….မိုးရာသီရောက်ပြီဆိုတော့ အိမ်ကထီးအဟောင်းတွေကို အကြမ်းသုံးဖို့ပြင်ထားရအုံးမှာပေါ့………….ဒီခေတ်ကြီးထဲမှာ ငွေလေးငါးရာနဲ့ ထီးတစ်လက်ကို တစ်မိုးတွင်းဆောင်းလို့ရရင်ပဲ မဆိုးပါဘူးလို့ တွေးနေမိတယ်………..အဲဒီချိန်မှာ
” သမီးရေ အမေအပြင်သွားမလို့ ထီးပြင်ပြီးရင် ငါးရာပေးလိုက်နော် ”
ပြောပြောဆိုဆို အမေကအပြင်ထွက်သွားပြီ ………..
ဖတ်လက်စစာအုပ်လေးကိုယူပြီး ထွက်လာလိုက်တယ်…..အပြင်မှာမိုးက သည်းသည်းမဲမဲကိုရွာနေတုန်း……။
မိုးစိုအင်္ကျီနဲ့ အပေါက်ဝမှာ ငုတ်တုတ်လေးထိုင်ပြီးထီးပြင်နေတဲ့ ထီးပြင်သမားကိုကြည့်ပြီး တော်တော်သနားသွားတယ်…..စိတ်ထဲမှာလည်း…
” ဒီလူတော့ချမ်းနေမှာပဲ … သြော် ..ကိုယ်တွေမှာတော့ ကိုယ့်အိမ်နဲ့ကိုယ် ကော်ဖီလေးနဲ့ စာအုပ်လေးနဲ့ နွေးနွေးထွေးထွေးဇိမ်ကျလို့…..သူတို့မှာတော့ မိုးထဲလေထဲမှာတောင် ရုန်းကန်နေရတယ် ”
ဆိုပြီး ကရုဏာဝင်မိတယ်……ပြီးတော့ အတွေးကိုဖြတ်ပြီး စာအုပ်ကိုဆက်ဖတ်ပြီးစောင့်နေလိုက်တယ်........
” ပြီးသွားပြီ အစ်မ”
ပိုက်ဆံပေးပြီး ထီးကိုစစ်ကြည့်လိုက်တယ်……….မဆိုးဘူးကောင်းသားပဲ….(၅၀၀) ကတော့တန်ပါတယ်လေ…..
ထီးကိုပိတ်ပြီး တံခါးမှာချိတ်လိုက်တယ်…… စာအုပ်ကိုကောက်ကိုင်ပြီး တံခါးဝကိုလှမ်းကြည့်လိုက်တော့ ထီးပြင်သမားက အိမ်ထဲကို ဖျတ်ခနဲလှမ်းကြည့်ပြီး ခပ်သုတ်သုတ် ထွက်သွားတာတွေ့လိုက်ရတယ်….သူ့အကြည့်တွေက တစ်မျိုးကြီးပဲ…….ဒါနဲ့ဘာရယ်မဟုတ်ဘူး ထီးကိုယူပြီး ပြန်ဖွင့်ကြည့်လိုက်တော့…..။
” ဘုရား…..ရေ”
ပြင်ပြီးသား ထီးကိုင်း(၂)ကိုင်းက ကျိုးထွက်နေပါလား….. ခုနပြင်ပြီးခါစက ဖွင့်ကြည့်တော့အကောင်းကြီးပါ….
” သြော် ကျိုးနေတဲ့နေရာကို တေ့ပြီးဆက်ထားတာကိုး… ဒင်း ..ဒင်း… ငါ့မှာတော့သနားလိုက်ရတာ……. ဒီလိုစိတ်ထားမျိုးရှိလို့ ဒီလိုနေနေရတာ…….ဟွန်း ”
ဖတ်လက်စ တရားစာအုပ်ထဲက တရားတွေပျောက်ပြီး ဒေါသစိတ်တွေဝင်လာတယ်…..
ပြောပြောဆိုဆို ဒေါသနဲ့ထီးကို စားပွဲပေါ်ဆောင့်ချလိုက်တော့ သောက်လက်စကော်ဖီခွက်ကို တိုက်မိပြီ ဖတ်လက်စတရားစာအုပ်ပေါ် နဲနဲစင်သွားသေးတယ်……..
” သြော်…..လူတွေ.. လူတွေ..”